Yellow fever
21-Nov-2016
Yellow fever ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သောရောဂါဖြစ်ပြီး ခြင်မှတစ်ဆင့်ကူးစက်သည်။ ထိုရောဂါကို အာဖရိက၊ အမေရိက နှင့် ကာရေးဗီးရန်း ဒေသများတွင် အများဆုံးတွေ့ရသည်။ ခရီးသွားများတွင် အဖြစ်များသည့် ရောဂါဖြစ်သည်။
ကူးစက်ပုံ
- Yellow fever သည် ရောဂါပိုးရှိသူမှ အခြားတစ်ဦးဆီသို့ ခြင်မှတဆင့် ကူးစက်သည်။ Yellow fever ရောဂါပိုးကို သယ်ဆောင်သော ခြင်ကို တောရောမြို့တွင်ပါ တွေ့ရပြီး နေ့ဘက် (နံနက် အရုဏ်တက်မှ ညနေမိုးမချုပ်ခင်) တွင် ကိုက်လေ့ရှိသည်။
- Yellow fever ရောဂါသည် လူတစ်ဦးနှင့် တစ်ဦး တိုက်ရိုက်ထိတွေ့ခြင်းဖြင့် မကူးစက်နိုင်ပါ။
လက္ခဏာများ
Yellow fever ရောဂါကို အဆင့်နှစ်ဆင့် တွေ့ရသည်။
* ရှေးဦးအဆင့်ကို ရောဂါပိုးဝင်ပြီး သုံးရက်မှ ခြောက်ရက်အတွင်းတွင် တွေ့ရပြီး ရောဂါလက္ခဏာများ အနေဖြင့်
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- ကြွက်သားများနာကျင်ခြင်း၊ ခါးနာခြင်း
- အစားအသောက်ပျက်ခြင်း တို့ဖြစ်တတ်သည်။ လူအများစုတွင် ရှေးဦးအဆင့် ဖြစ်ပေါ်ပြီး သုံးရက်၊လေးရက်အကြာတွင် ရောဂါလုံးဝ ပျောက်ကင်းသွားတတ်သည်။
* အချို့သောသူများတွင်မူ မျက်လုံးနှင့် အသားများ ဝါခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် အစာအိမ်တို့မှ သွေးများထွက်ခြင်း စသော ပိုမိုဆိုးရွားသော အခြေအနေသို့ရောက်ရှိကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
Yellow fever အဖြစ်များသောဒေသများတွင် ခရီးသွားနေစဉ် သို့မဟုတ် ထိုဒေသမှှ ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်းတွင် ရောဂါလက္ခဏာများ ပြလာပါက နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်၍ ရောဂါစစ်ဆေးခြင်း၊ ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရမည်။
ရောဂါရှိမရှိသေချာရန် လက္ခဏာများအပြင် သွေးစစ်ရန်လိုသည်။
ကုသခြင်း
Yellow fever ရောဂါပိုးကို ပျောက်အောင် မကုသနိုင်သော်လည်း ခန္ဓာကိုယ်မှ ရောဂါပိုးကို ပြန်လည်တိုက်ခိုက်နေစဉ် လက္ခဏာများ သက်သာအောင် ကုသနိုင်သည်။
- ခေါင်းကိုက်ခြင်း၊ ဖျားခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးနှင့် အဖျားကျဆေးများ သုုံးနိုင်သည်။
- ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန် အရည်များများသောက်ရမည်။
- ရောဂါလက္ခဏာများ ပြင်းထန်ဆိုးရွားပါက နီးစပ်ရာဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူသင့်သည်။
ကာကွယ်ခြင်း
Yellow fever ရောဂါဖြင့် အသက်မဆုံးရှုံးစေရန် အဖြစ်များသော ဒေသသို့ မသွားမီ အနည်းဆုံး ၁၀ ရက်အလိုတွင် ကာကွယ်ဆေးတစ်လုံး ထိုးနိုင်သည်။ ကာကွယ်ဆေးထိုးသူများတွင် ၉၅-၁၀၀ ရာခိုင်နှုန်းမှာ ဆေးအောင်ပြီး အနည်းဆုံး ၁၀ နှစ်ထိ ကာကွယ်နိုင်သည်။
Booster dose ကို ပထမတစ်ကြိမ်ထိုးပြီး ၁ဝနှစ်အကြာတွင် သို့မဟုတ် နောက်တစ်ကြိမ် ခရီးမသွားမီတွင် ထိုးရမည်။
ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများအနေဖြင့်
- ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာခြင်း
- ငွေ့ငွေ့ဖျားခြင်း
- ဆေးထိုးထားသောနေရာမှ ရောင်ရမ်းလာခြင်း တို့ကို နှစ်ပတ်အတွင်း တွေ့နိုင်သည်။
အလွန်ရှားရှားပါးပါးအနေဖြင့် ဆေးနှင့်မတည့်ခြင်း၊ ကာကွယ်ဆေးကြောင့်ဖြစ်သော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပြဿနာများ၊ ကာကွယ်ဆေးကြောင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ခြင်း တို့ဖြစ်နိုင်သည်။
Yellow fever ကာကွယ်ဆေး မထိုးသင့်သူများ
- အသက် ၉လအောက် ကလေးငယ်များ
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
- အသက် ၆ဝအထက် လူကြီးများ
- HIV ပိုးရှိသူ၊ ကင်ဆာရောဂါကြောင့် ဓာတ်ကင်နေသူ စသော ကိုယ်ခံအားနည်းနေသူများနှင့်
- ကြက်ဥနှင့် မတည့်သူ၊ ကာကွယ်ဆေးနှင့် မတည့်သူများ အနေဖြင့် yellow fever ကာကွယ်ဆေးကို မထိုးသင့်ပါ။
ကာကွယ်ဆေးမထိုးထားသူများ အနေဖြင့်
- ခရီးသွားစဉ်တွင် ခြင်ကိုက်မခံရစေရန် ခြင်ထောင်နှင့် ခြင်ဆေးများ အသုံးပြုသင့်ပါသည်။
Ref: NHS Choices, UK
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
